မြို့ပြနေထိုင်မှု ပြဿနာကိုထင်ဟပ်ပြစေတဲ့ကဗျာတစ်ပုဒ်ဗျာ.... |
နင့်ကို ငါဘယ်လောက်ချစ်တယ်ဆိုတာ..
ထပ်မပြောတော့ဘူး၊
နင်သိ ပြီးသားပါ။
ငါ့  ကိုနင် ဘယ်လောက်
ချစ်တယ်ဆိုတာကိုလည်း
ငါအသေချာ သိပါတယ်။
ငါတို့ ချစ်လာကြတာလည်း
ကြာပြီပဲ ချစ်ရယ်။
နင့်အကြောင်းငါသိသလို
ငါ့အကြောင်းကိုလည်း
နင် အကုန်လုံးသိပါတယ်။
တစ်နေတုန်းက နင်ပြောတယ်
အတူနေချင်လှပြီတဲ့။
ဒီစကားကို
ငါကစ ပြီးပြောရမှာ ချစ်ရယ်။
ငါလည်းနင်နဲ့ အတူ
နေချင်လှပါပြီ။
ကိုယ်ချစ်တဲ့သူနဲ့ 
အတူနေ
အတူစား
တူသွားရတဲ့ ဘ၀ကလေးကို
ငါလေ
ညစဉ်ညတိုင်း
အိမ်မက်မက်နေရတာပါ။
အိမ်မက်ထဲမှာဆိုရင်
ငါဟာ
အိမ်ကလေးတစ်ဆောင်
အခန်းလေးတစ်ခန်းလောက်ကို .
အမြဲတမ်းပဲ
အမောတကော ရှာနေမိတယ်။
နေစရာလေး တစ်နေရာကို
လွယ်လွယ်နဲ့များ
ရမယ်ထင်သလား မိချစ်
အပြင်မှာမပြောနဲ့
အိမ်မက်ထဲမှာတောင် ခက်လိုက်တာ။
အိပ်ရာကနိုးလာရင်
ငါ့မှာ ချွေးတွေ နစ်ပြီး
မောနေတာပဲ။ငါက
အစ်မအိမ်မှာကပ်နေရတာ။
အိမ်လို့သာ ပြောရတာ၊
တကယ်ကတော့
ဆယ့်နှစ်ပေ၊ပေလေးဆယ်
အခန်းကျဉ်းကျဉ်း ရှည်ရှည်လေး၊
အဲ့ ဒီထဲမှာ နေကြတာက
လူပေါင်း ကိုးယောက်၊
အစ်မတို့ လင်မယားရယ်
ယောက်ဖရဲ့ အမေနဲ့ ညီရယ်
ကလေးလေးယောက်ရယ်
နောက်ပြီးငါရယ်
ညတိုင်ကျရင် တိုးတိုးဝှေ့ဝှေ့
ကျပ်ကျပ်သပ်သပ် အိပ်ကြရတယ်။
နင်နေရတာကလည်း မိဘအိမ်
နင့်မောင်တွေ ညီမတွေ အပြင်
အစ်ကိုလင်မ ယားရော
သူ့ကလေးတွေနဲ့ ရော
ကျပ်ညပ်နေတာ ငါအသိပဲ။
ငါတို့နှစ်ယောက် လပ်ထပ်ကြပါပြီတဲ့။
ကဲ ဘယ်မလဲ
ငါတို့အတွက် အိမ်
ငါတို့ ဘယ်မှာ နေကြရမလဲ။
ငါ့ကိုသိပ်ညံ့တာပဲလို့
ပြောချင်လည်းပြောတော့။
ချစ်ရေ -ငါလေ
နင်နဲ့ အတူတူ နေနိုင်ဖို့ အတွက်
အလုပ်ကိကြီုးစားပြီးလုပ်ပါတယ်
ခြိုးခြံ ချွေတာ ပြီး
ငွေလည်းစုပါတယ်။
ဒါပေမယ့် အဲ့ဒီငွေ ဟာ
အခန်းကျဉ်းလေးတစ်ခန်းကိုတောင်
မငှားနိုင်ဘူးဆိုတာ နင်လည်းသိပါတယ်။
နှစ်ဆယ့်တစ်ရာစု မြို့ပြရဲ့
အိမ်ဈေး၊ မြေဈေး၊ အခန်းဈေးတွေကို
နင်လည်းစုံ စမ်းပြီး
သက်ပြင်းတစ်ချချ လုပ်နေရတာပဲမဟုတ်လား။
ဒီတော့ချစ်ရယ်
နင်ရော ငါရော
စိတ်ချမ်းသာရအောင်
တစ်ယောက်နဲ့တစ်ယောက်
စိတ်ချလက်ချနေရအောင်
ငါတစ်ခုလုပ်ချင်တယ်။
ဒီမှာ မိချစ်
နင်နဲ့ ငါနဲ့ လက်ထပ်ကြရအောင်လေ၊
တရားရုံးမှာ သွားပြီး
လက်မှတ်ထိုးကြမယ်။
ငါတို့ အတူတွဲ ပြီး
ဓါတ်ပုံ ရိုက်ကြမယ်။
မကင်းရာ မကင်းကြောင်းလေးတွေကို
လ္ဘက်ရည်တိုက်မယ်။
လက်ထပ်ပြီးစီးကြောင်း ကြော်ငြာ ကို
သတင်းစာထဲမှာ ထည့်မယ်။
ကဲ - ဘယ်သူ ဘာပြောမလဲ
ငါဟာ နင့် ယောက်ျားဖြစ်သွားပြီ။
နင်ကလည်း ငါ့မိန်းမ ပေါ့နော် မိချစ်။
ကြားရဲ့လား မိန်းမရဲ့။
ညနေရုံးဆင်းရင် နင့်ရုံးကို အမြဲလာခေါ်မယ်၊
ငါတို့နှစ်ယောက် လ္ဘက်ရည်ဆိုင်မှာ
ညဉ့် နက်တဲ့ အထိ အကြာကြီးထိုင်ပြီး
စကားပြောလို့ရပြီ။
ညပွဲရုပ်ရှင်တွေလည်း
ကြည့်လို့ ရပြီ၊ ငါတို့ ဟာ
လက်ထပ်ထားတဲ့
ချစ်သူတွေ ပဲမဟုတ်လား။
ငွေလေးဘာလေး
အသင့်ရှိတဲ့ အခါ ဆိုရင်လည်း
ဘုရားဖူးကားနဲ့ အတူလိုက်ပြီး
မြန်မာ ပြည် အနှံ့ ဘုရားစုံဖူးကြမယ်၊
နင်မပျော်ဘူးလား ဟင်။
အင်း..............
နောက်ပြီးတော့လည်း
နင်ကလည်း နင့် အိမ် ပြန်
ငါကလည်း ငါ့ အိမ်ပြန်ရဦးမှာပေါ့။
ချစ်ရယ်
ငါတို့ဆက်ပြီး ပိုက်ဆံ စုကြမယ်လေနော်။
ဘာလုပ်ဖို့လဲ ဟုတ်လား၊
မေးမှ မေးရက်ပလေဟာ
ငါတို့ အတူနေနိုင်ဖို့ အတွက်ပေါ့။
မအိုခင်
မနာခင်
အဲ မသေခင်
တစ်ချိန်ချိန် မှာ
အခန်းကျဉ်းလေးတစ်ခန်းလောက်
ငှားနိုင်အောင်ပေါ့
နော်မိချစ်။
ကြားရဲ့ လား
ချစ်ရယ်
ငါ့ကိုပြုံးပြစမ်းပါဦး။................................................
မစန္ဒာ(ပေဖူးလွှာ-၁၉၈၈- ဇွန်)